Do not be afraid of anything
ဘယ်အရာမှ မကြောက်နဲ့ ——
ခုတလော ကျွန်မ အမေရိကားကို မလာခင်တုန်းက မြင်မက်ခဲ့တဲ့ အိမ်မက်တွေ အတွေးထဲကို တိုးဝင်လာကြတယ်။ အမေရိကားမှာနေတာ ၁၃ နှစ်ရှိသွားပါပြီ။ ဒီကိုမလာခင် လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက အိမ်မက်ထဲမှာ “အမေရိကားကိုသွားရမယ်၊ ဘာမှမကြောက်ပါနဲ့” ဆိုတဲ့ တန်ခိုးသြဇာကြီးတဲ့အသံက အိမ်မက်ကတဆင့် ကျမကို ပြောကြားလာပါတယ်။ ဘာမှမကြောက်နဲ့လို့ ဘုရားသခင်ပြောရတဲ့ အကြောင်းအရင်းက ကြောက်စရာကောင်းတဲ့အရာတွေနဲ့ ရင်ဆိုင်ရမှာမို့လို့ဖြစ်ပါတယ်။ လူဖြစ်တဲ့အတိုင်းပဲ၊ ကိုယ့်ထက် အစစအရာရာမှာ ခွန်အားကြီးတဲ့သူ၊ ရာထူးကြီးတဲ့သူ၊ အာဏာရှိတဲ့သူက မိမိအပေါ် ခြိမ်းခြောက်မှုတခုခုလုပ်လာခဲ့ရင်၊ မိမိအကျွမ်းမ၀င်တဲ နေရာဒေသမှာ စတင်ခြေချလာတဲ့အခါမှာဖြစ်စေ၊ ကြောက်တတ်ကြတဲ့သဘောရှိကြပါတယ်။
သမ္မာကျမ်းစာထဲမှာ “မကြောက်နဲ့” ဆိုတဲ့စကားဟာ ၃၆၅ ကြိမ်ရှိပါတယ်။ သဘောပေါက်ကြလားမသိဘူး။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက်ရှိပါတယ်၊ ဘုရားသခင်က ၃၆၅ ကြိမ်တောင် မကြောက်နဲ့လို့ မှာထားရတာ၊ တနေ့မှာတစ်ကြိမ် မကြောက်နဲ့လို့ နေ့စဉ် အမြဲတမ်းပြောနေခြင်းဖြစ်ပါတယ်။
ကျွန်မထက် လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့သူတွေက ကျွန်မကို စိတ်အားငယ်အောင် လာလုပ်တာဘဲဖြစ်ဖြစ်၊ ကျွန်မလုပ်နေတာတွေကို ရပ်လိုက်ရတော့မလားလို့ စဉ်းစားမိတဲ့အချိန်မှာဘဲဖြစ်ဖြစ်၊ ကျွန်မစိတ်ဒုက္ခရောက်နေတဲ့ အချိန်မှာ နူးညံ့တဲ့ အသံတသံက လေညှင်းလေးလို တိုးတိုးလေး လာပြောတဲ့အသံလေးကတော့ “ဘာမှ မကြောက်နဲ့” ဆိုတဲ့ စကားချိုလေးပဲဖြစ်ပါတယ်။ ဆိုတော့ အမေရိကားမှာ ကျွန်မအတွက် ကြောက်စရာကောင်းတဲ့အရာတွေ ဖြစ်လာခဲ့ရင်လည်းပဲ “ဘာမှ မကြောက်နဲ့” ဆိုတဲ့စကားသံကို ပြန်ကြားယောင်ပြီး၊ တုန်လှုပ်ခြင်းကင်းဝေးလာပြီး ငြိမ်သက်ခြင်းအပြည့်နဲ့ ပြန်လည်တည်ငြိမ်လာလေ့ရှိပါတယ်။
အစကတည်းက ဘာကိုမှ မကြောက်တတ်တဲ့လူစားထဲမှာ ကျွန်မမပါပါဘူး။ ကျွန်မကြောက်တဲ့အချိန်တွေရှိခဲ့ပါတယ်၊ ဝမ်းနည်းတဲ့အချိန်လဲ ရှိခဲ့ပါတယ်၊ စိတ်ညှိုးငယ်တဲ့အချိန်လဲ ရှိခဲ့ပါတယ်၊ အထီးကျန်တဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဥပမာပေးရရင် ဒီဝိုက်ဆိုဒ်ဖြစ်လာအောင် မြန်မာသမ္မာကျမ်းစာကို စတင်လုပ်ဆောင်ချိန် ၂၀၀၂-၂၀၀၃ ခုနှစ် တုန်းက ဘယ်လိုလုပ်ရမလဲလို့ တစ်ယောက်တည်း လေ့လာရင်း၊ လူသားအနေနဲ့ လူအင်အား အကူအညီမဲ့ ခံစားခဲ့ရတာလဲ ရှိခဲ့ပါတယ်။ နည်းလမ်းတော့ ရှိမှာဘဲလို့ အရှုံးမပေးဘဲ တလွှာပြီးတလွှာ ရှာဖွေလာခဲ့တာ တော်သူ တတ်သူတွေကို ဘုရားသခင်းက တဖြည်းဖြည်းနဲ့ ပို့ဆောင်လာခဲ့ပါတယ်။ ကျမလုပ်ငန်းတိုင်းမှာ ဒီလိုပါဘဲ။ အစမှာ လွယ်ကူတယ်ဆိုတာ ဘာမှ မရှိခဲ့ပါဘူး။
ခုတော့ လူတွေရဲ့အမြင်မှာ အဖက်ဖက်မှာ ပြီးပြည့်စုံပြီးတဲ့ လူတယောက်လို့ ပြောဆိုကြပါတယ်၊ ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါပေမယ့် ဒီလိုအခြေအနေတခုကို ရောက်လာဖို့အတွက် ဘယ်သူမှ မသိဘဲ၊ မအိပ်ဘဲ မိုးလင်းသွားတဲ့ ညပေါင်းများစွာ ရှိခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာ ဘုရားရဲ့ရှေ့မှာငိုကြွေးခဲ့ရတဲ့ အချိန်လဲ ရှိခဲ့ပါတယ်၊ ဘယ်နှစ်ကြိမ်တောင် စိတ်ဆင်းရဲ ဒုက္ခရောက်ခဲ့သလဲ၊ ဒါပေမယ့် ဒီလိုအချိန်တွေတိုင်းမှာ ခွန်အားအသစ်တွေနဲ့ နိုးထခွင့်ရခဲ့ရစမြဲဖြစ်ပါတယ်။
ကျွန်မ ဘယ်လောက်အထိတောင် ကြောက်လန့်တတ်ခဲ့ရတယ် ဆိုတာကို ဘယ်သူကမှ မသိနိုင်ကြပါဘူး။ ကျွန်မရဲ့လုပ်ငန်းတွေ အကောင်အထည် ပေါ်လာတဲ့အခါ၊ အောင်မြင်လာတဲ့အခါ၊ အသိမိတ်ဆွေတွေ ပျော်ကြတယ်၊ ကျွန်မကိုချီးကျူးကြတယ်၊ ဘုရားသခင်ကိုချီးမွမ်းကြတယ်။ ဒါပေမယ့် ဘယ်သူကမှ ကျွန်မဘယ်လိုနေခဲ့ရတယ်၊ ဘာတွေလုပ်နေခဲ့တယ်၊ ဘယ်လိုအခက်အခဲတွေ ဖြတ်သန်းခဲ့ရသလဲ ဆိုတာကို မသိကြပါဘူး။ သိအောင်ကြိုးစားတဲ့သူလည်း မတွေ့မိသေးပါဘူး၊ မေးသူလဲ မရှိသေးပါဘူး။
david goliathဒီလိုနဲ့ ဒီနေ့တော့ ဒါဝိဒ်ရဲ့အကြောင်းကို ဖတ်မိပါတယ်၊ ဒါဝိဒ်ရဲ့ဘဝကို … သူများတွေရဲ့အမြင်မှာတော့ “ဒါဝိဒ်က သိုးကျောင်းသားဖြစ်ပြီး ပရောဖတ်ရှာမွေလရဲ့ ဘိသိတ်ခြင်းခံရပါတယ်။ စောင်းတီးတတ်တယ်၊ သီချင်းစပ်တတ်ပါတယ်။ ရှောလုဘုရင်ကသူ့ကို စောင်းတီးဖို့အတွက် ဖိတ်ခေါ်ခြင်းခံခဲ့ရတယ်။ သူ့အစ်ကိုတွေရှိတဲ့ စစ်မြေပြင်မှာ အစာသွားပို့ရင်းနဲ့ ဂေါလိယတ် ကို အဆုံးစီရင်ခဲ့ပါတယ်” ဆိုတဲ့ သူ့အကြောင်းတွေကို ဒီလိုပြောကြပြီးတော့ အားကျတတ်ကြပါတယ်။
ဒါဝိဒ်က အသက် ၁၀ နှစ်လောက်မှာ သိုးကျောင်းပါတယ်။ ကျွန်မကတော့သူ့ကို သိုးကျောင်းသား တယောက်ဖြစ်တယ်ဆိုရုံနဲ့ မပြီးဘဲနဲ့ သိုးတွေကို သူဘယ်လိုကျောင်းခဲ့သလဲ ဆိုတာကို စဉ်းစားပါတယ်။ သိုးကျောင်းတယ်ဆိုတာက တောထဲမှာ ကျောင်းရပါတယ်။ ညရောက်လာမယ်၊ လသာတဲ့အချိန်ရှိမယ်၊ လမိုက်ညတွေလည်းရှိမယ်။ ဒီလိုအချိန်တွေမှာ ကလေးလေးဖြစ်တဲ့ သူ့အနေနဲ့ ဘာကိုမှမကြောက်ဘဲနဲ့ ဝမ်းသာပျော်မြူးနေမယ်လို့ မထင်မိပါဘူး။ အရွယ်ရောက်တဲ့ သူ့အစ်ကို ၇ ယောက်ကတော့ မြို့ထဲမှာ နေကြတယ် ဒါပေမယ့် ကျနော့ကျတော့ တောမှာ တယောက်တည်းနေရတယ်… အဖေရယ် လုပ်ရက်တယ်ဆိုပြီး ငိုတဲ့အချိန်မရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ပရောဖက် ရှာမွေလက ဘိသိတ်ခါနီးမှာ သူ့ဖခင်က သူ့အစ်ကို ၇ ယောက်ကိုခေါ်ပေမယ့်၊ အငယ်ဆုံးဖြစ်တဲ့ ဒါဝိဒ်ကိုတော့ မေ့ထားခဲ့ပါတယ်လေ။ အဲဒီအချက်တွေ ကြည့်ရင် ဒါဝိဒ်သည် အပယ်ခံဘ၀မှာ ကြီးပြင်းခဲ့ရတယ်ဆိုတာ သိမြင်လာရပါတယ်။
ဒါဝိဒ်က ခံစားချက်မရှိတဲ့လူသားမဟုတ်ပါဘူး။ ခံစားတတ်လွန်းလို့ သိုးကြောင်းတဲ့နေရာမှာ သီချင်းတွေအများကြီး စပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဝိဒ် ရေးသားခဲ့တဲ့ ဆာလံအချို့မှာ တွေ့ရပါတယ်။
ငါ့ကို မစခြင်းအကြောင်း ပေါ်ထွက်သော် တောင်းကုန်းသို့ ငါမျော်ကြည့်၏။
ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ ငါသည် ဆင်းရဲမခံရ။
ညနက်သန်းခေါင်ယံအချိန်တွေမှာ တောကောင်တွေဟိန်းနေကြမှာသေချာပါတယ်၊ တခါတရံ ခြင်္သေ့ဟိန်းသံတွေလည်း ကြားရမယ်။ ညအချိန်တွေမှာ သူတယောက်တည်း ကြောက်ရွံ့ နေရတဲ့ အချိန်တွေအများကြီးဖြစ်မှာပါ။ ကြောက်လွန်းလို့ ပုန်းအောင်းနေရတဲ့ အချိန်လည်းရှိမယ်။ ကူညီမယ့်သူမရှိတော့ ဘုရားသခင်ဆီမှာအော်ဟစ်ပြီး ဆုတောင်းနေမယ်၊ သီချင်းတွေဆိုနေမယ်။ အထီးကျန်တဲ့အချိန်မှာ စောင်းတီးပြီး ဘုရားသခင်ကိုချီးမွမ်းမယ်။ တောကောင်တွေက သိုးတွေကိုချဉ်းကပ်တဲ့အခါမှာ ခဲလုံးတွေကောက်ပြီးတော့ လောက်လေးခွနဲ့ပစ်မယ်၊ ပစ်ဖန်များလာတော့ ကျွမ်းကျင်လာပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာမယ်။ အဲဒီတော့ ဂေါလိယတ်နဲ့တွေ့တဲ့အခါမှာ “မကြောက်ကြနဲ့၊ ဣသရေလအမျိုးရဲ့ဘုရားသခင်ရဲ့နာမကိုဆွဲကိုင်ပြီးတော့ ငါသွားတိုက်မယ်” လို့ပြောပြီး သူ့လောက်လေးခွ၊ ခဲလုံးတွေနဲ့ ဂေါလိယတ်ကို အဆုံးစီရင်ခဲ့တာဖြစ်မှာပါ။
ကြောက်စိတ်လုံးလုံးမရှိတဲ့လူရယ်လို့ မရှိပါဘူး။ နေ့တိုင်းတွေ့ကြုံရတဲ့ အတွေ့အကြုံတွေကနေ ဘုရားသခင်ရဲ့လမ်းပြမှုကို တဖြည်းဖြည်းမြင်တွေ့လာပြီး ကြောက်စိတ်ဆိုတာ အလိုလို လျော့နည်းသွားမှာပါ။ ဘယ်သူတွေက ခြောက်လှန့်နေပါလေ့စေ၊ ကျွန်မတို့ ကိုးကွယ်တဲ့ဘုရားသခင်ရဲ့ အကြောင်းကို လေးလေးနက်နက် သိမြင်ခဲ့ပြီးသူတိုင်းသည် “ဘယ်အရာကိုမှ မကြောက်တော့ပါ” ဆိုတဲ့အဆင့်ကို ရောက်လာကြမှာဖြစ်ပါတယ်။
ခရစ်တော်၌ နှမဖြစ်သူ
လီဗီဆပ်နိုင်ထန်း
Tags: ,
9 Responses to “Do not be afraid of anything”
  1. Khai Pi November 15, 2014 at 9:19 am #
    Please write more
  2. Mungte November 15, 2014 at 11:49 am #
    Amen
  3. ကိုဝင်းဖေ (ပုသိမ်) November 15, 2014 at 7:25 pm #
    ကိုယ်တော်ကောင်းမြတ်ပါ၏ ကျန်ုပ်မကြောက်တော့ပါ အာမင်
  4. Ma Nu November 15, 2014 at 8:31 pm #
    ဒါဝိဒ်ဘ၀ကို ဒီလိုအမြင်မျိုးနဲ့ တရားဟောတာ တခါမှမကြားဖူးဘူး။ အပယ်ခံဘ၀မှာနေခဲ့တာကို ဒီတခါဘဲ ကြားဖူးပါတယ် ပိုမိုသိချင်လာပါတယ် ဒါဝိဒ်အကြောင်းအကျယ်ချဲ့ရေးပေးပါအုံးလို့ တောင်းဆိုပါရစေ
  5. Anonymous November 15, 2014 at 10:15 pm #
    သမ္မာကျမ်းစာထဲမှာ “မကြောက်နဲ့” ဆိုတဲ့စကားဟာ ၃၆၅ ကြိမ်ရှိပါတယ်။ သဘောပေါက်ကြလားမသိဘူး။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက်ရှိပါတယ်၊ ဘုရားသခင်က ၃၆၅ ကြိမ်တောင် မကြောက်နဲ့လို့ မှာထားရတာ၊ တနေ့မှာတစ်ကြိမ် မကြောက်နဲ့လို့ နေ့စဉ် အမြဲတမ်းပြောနေခြင်းဖြစ်ပါတယ်။
  6. Saw Steven November 16, 2014 at 7:08 am #
    AMEN AMEN AMEN
  7. Anonymous November 17, 2014 at 5:45 pm #
    အသက်ရှင်တော်မူသောဘုရားသခင်၏ နာမတော်သာ၍ဘုန်းကြီးပါစေ။……..
    ကျွန်တော်သည် မိသားစုငါးယောက်ကိုဦးဆောင်ပြီး ၂၀၁၄ ဇွန်လ ၂၆ ရက်တွင် အမေရိကန်သို့ရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ လောကပညာဆိုလို့ ဘာမှ မတတ်ကျွမ်းပါဘူး။စာမသိပေမသိနဲ့ ဘဝကိုဖြတ်သန်းနေရပါတယ်။…ကျောင်းတက်တယ်ဆိုလို့ နာမည်ရေးတတ်ရုံလောက်မျှတာ…ဒါပေမဲ့ ဖန်ရှင်းရှင်ဘုရားရှိတယ်ဆိုတာကိုတော့ အခိုင်အမာ ယုံကြည်ခြင်းရှိပါတယ်။ကျွန်တော်ဟာ အမေရိကန်ရောက်ပြီး ၃ လလောက်အကြာတွင် စက်ရုံတစ်ခုတွင်အလုပ်ဝင်လုပ်ခဲ့ပါတယ်။ပညာမရှိတော့ အထင်သေးlအမြင်သေး အနှိမ်ခံဘဝနှင့်သာနေ့ရက်တွေကိုဖြတ်သန်းခဲ့ရပါတယ်။ အဓိက ပြဿ နာမှာစကားမရခြင်းဖြစ်ပါတယ်။ကွန်ပြူတာမသိတာလည်းပေါ့။
    အလုပ်သွားဖို့မနက်ထတိုင်းမှာ နွားကကျားကိုကြောက်သလို စက်ရုံဝင်ဖို့ကိုရင်တစ်ထိန့်ထိန့်နှင့် ကြောက်ပြီးသောကများစွာIစိတ်ပူပန်မှုများစွာနှင့် ပျော်ရွှင်မှုကိုမရရှိခဲ့ပါဘူး။ဤသို့ဖြင့် ဘုရားအကြောင်းကိုစဉ်းစားပြီးစိတ်ဓါတ်ကျစွာဖြင့် မည်သူငါ့ကိုအားပေးမည်နည်း ဟူ၍တွေးတောပြီး ဖုန်းထဲမှကျမ်းစာများကို လိုက်ရှာဖတ်ရင်း နှမ လီဗီဆပ် ရဲ့ ဒါဝိဒ်၏အသက်တာနှင့် သမ္မာကျမ်းစာထဲမှ ၃၆၅ ကြိမ်မကြာက်နဲ့ ဆိုသည့်ဘုရားရဲ့နှုတ်ထွက်ဂတိတော် အကြောင်းကို တွေ့ရှိခဲ့ပါတယ်။အလွန်အင်မတန်မှ ခွန်အားရရှိကြောင်းနှင့် နှမဖြစ်သူအားအထူးကျေးဇူးတင်ရှိကြောင်း တင်ပြသက်သေခံရင်း…ဆက်လက်ပြီး ကျွန်တော့်ကို ဤသို့သောအားပေးခြင်းဝေငှခြင်းများလည်းဆက်လက်ပြုလုပ်ပေး စေလိုပါတယ်။ကျွန်တော့်ကို ခရစ်တော်၏သတင်းကောင်းများ ဘုရားသခင်၏ကောင်းမြတ်ခြင်းအကြောင်းများကို ဝေမျှသက်သေ ခံပေးလိုပါက..Facebook.puilambuhleih@gmail.com တွင်ဝင်ရောက်ပြီး အားပေးတိုက်တွန်းနိုင်ပါတယ်..ခရစ်တော်၏နာမ၌အားလုံးကိုကြိုဆိုပါတယ်။…
    နာမတော်၌.,ဂျိုးဇက်-ဘူလှေ့
    ကိုယ်တော်အလွန်ကြီးမြတ်လှ…..အာမင်
  8. Anonymous November 22, 2014 at 8:08 pm #
  9. Tun Lin Kyaw November 25, 2014 at 8:45 pm #
    ကျနော် ဗုဒ္ဒဘာသာပါခင်ဗျား…. ဒီစာကို သူငယ်ချင်းတယောက်က ဖေ့ဘုတ်မှာ ရှယ်တာတွေ့လို့ လာဖတ်တာ ကျနော်သင်ခန်းစာရပါတယ်ခင်ဗျား။ စာတင်ပေးတဲ့ အမကိုလဲ ကျေးဇူးတင်ပါတယ်ခင်ဗျား
Leave a Reply